ကိုယ့်အချစ် ကိုယ်တေးသံတစ်ခုတည်းပါကွယ်

Posted by ကိုတိုး | Posted in | Posted on 8:08 PM

0

မြက်ခင်းပြင်မှာပွင့်တဲ့ပန်း မြေကြီးနဲ့နီးစပ်သလို
သူမလည်း ကိုယ့်နှလုံးသားနဲ့ နီးနေခဲ့တယ်။
အိပ်စက်ခြင်းဟာ ပင်ပန်းနွမ်းလျနေတဲ့
ကိုယ်လက်အင်္ဂါတွေ အပန်းပြေစေသလို
သူမက ကိုယ့်ကိုချိုမြိုန်စေခဲ့ပါတယ်။
သူမအပေါ်ထားတဲ့ ကိုယ့်အချစ်က
ကိုယ့်ဘဝပါပဲကွယ်။
ကြည်လင်အေးချမ်းမှုတွေကို
စွန့်လွတ်ပေးဆပ် ပြေးလွားသွားခဲ့ရတဲ့
ဆောင်းဦးရာသီ ရေလျှံမြစ်ကဲ့သို့
အားအင်အပြည်နဲ့
စီးဆင်းသွားခဲ့ရသလို ဘဝမျိုးပါကွယ်။
ရေလှိုင်းတွေ ရေစီးတွေနဲ့
တေးဆိုညည်းတတ်တဲ့
စမ်းရေစီးသံပမာ
ကိုယ့်ရဲ့တေးသံသာတွေဟာ
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာနဲ့
တစ်ခုတည်းပါပဲကွယ်။

ပန်းဥယျာဉ်လမ်းလေးဆီ လာခဲ့ကွယ်

Posted by ကိုတိုး | Posted in | Posted on 8:22 PM

0

အချစ်ရယ်
ကိုယ့်ပန်းဥယျာဉ်လမ်းကလေးဆီ လာခဲ့ကွယ်
မင်းရဲ့မြင်ကွင်းထဲကို မြင်သာအေင်ပြဖို့
စိတ်အားထက်သန်နေတဲ့
ပန်းကလေးတွေကို ဖြတ်ကျော်လာခဲ့ပါ
နေဝင်ဆည်းဆာ တောက်ပမှုရဲ့
ရုတ်တရက်အံ့ဖွယ်ရာလိုပေါ်လာပြီး
ပျောက်ကွယ်သွားတတ်တဲ့
အမှတ်မထင် ပျော်ရွှင်မှုလေးအချို့ကို
ရပ်တန့်ငေးမောပြီး ဖြတ်ကျော်လာခဲ့ပေါ့။
ချစ်သူလက်ဆောင်ဆိုတာ ရှက်စရာကွဲ့
သူ့နာမည်ကို ဘယ်တော့မှ ပြောလိမ့်မယ်မဟုတ်
ဖုန်တောတစ်လျှောက် ပျော်ရွင်မှုအစအနတွေကို
ကြဲဖြန့်ရင်း အရိပ်ထဲက
လှစ်ခနဲ ထွက်ပြေးသွားတတ်တယ်
သည်ချစ်သူလက်ဆောင်ကို အရယူလိုက်ပါ
မဟုတ်ရင် တစ်သက်လုံးဆုံးရှုံးသွားရမှာ
ဒါပေမဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့
လက်ဆောင်ဆိုတာကတော့ နှုးညံ့တဲ့ပန်းလေးတစ်ပွင့်
ဒါမှမဟုတ် လင်းလက်တောက်ပနေတဲ့
မီးညွန့်ကလေးနဲ့ မီးအိမ်လေးတစ်လုံးပါပဲကွယ်။

ထိုင်းနိုင်ငံရဲ့ တန်ဆောင်မုန်းလပြည့်နေ့

Posted by ကိုတိုး | Posted in | Posted on 8:01 PM

4

ဒီနေ့ကတော့ထိုင်းနိုင်ငံမှာတော့ တန်ဆောင်မုန်းလပြည့်နေ့ပေါ့နော်။ သူတို့ရိုးရာကလည်းမြန်မာနိုင်ငံကပဲဆင်းသက်လာတာပါပဲ။ ဒီနေ့မှာဆိုရင်တော့ သူတို့ရဲ့ရိုးရာအရ အခုတွေ့နေရတဲ့မီးခွက်လေးတွေလိုလုပ်ပြီးတော့ရေထဲကိုမျှောကျတယ်။သူတို့ရဲ့မကောင်းတဲ့အကြံတွေ မကောင်းတာတွေမှန်သမျှကိုဒီမီးခွက်လေးနဲ့ရေထဲမျှောပြီးတော့သူတို့အတွက်ကောင်းတာလေးတွေ ဖြစ်လာပါစေလို့ဆိုပြီးတော့ လူတိုင်းနီးပါးပေါ့နော် မီးခွက်လေးတွေကိုရေထဲမျှောကျတယ်။ အခုလိုလပြည့်ညမှာ ကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားလုပ်တာကတော့ TAK ဆိုတဲ့မြို့လေးမှာပဲဖြစ်ပါတယ်။ အဲ့မြို့လေးက မဲဆောက်နဲ့တော့တော်တော်လေးနီးတယ်ပြီးတော့ မြစ်လည်းရှိတယ် လူသွားလူလာလည်းအရမ်းစည်ကားပါတယ်။ အခုလိုညမျိုးမှာဆိုရင် လူကိုတိုးလို့မရအောင်ကိုများပါတယ်။ နိုင်ငံခြားသား လေ့လာသူတွေ အလည်အပတ်လာရောက်သူတွေလည်းတော်တော်များပါတယ်။ သူတို့ဆီမှာလည်းကျွန်တော်တို့လို မီးပုံးပျံပြိုင်ပွဲလုပ်သလို မီးခွက်မီးပန်းတွေကို အလှဆင်ပြီးတော့ ပြိုင်ပွဲလုပ်ကျပါတယ် အရမ်းကိုစည်ကားသိုက်မြိုက်ပါတယ်ခင်ဗျာ။ ဘလော့ဂါညီအကို မောင်နှစ်မများကိုသိစေချင်လို့မျှဝေပေးလိုက်ချင်းဖြစ်ပါတယ်။ တစ်ချို့လည်းသိပြီးသားများဖြစ်ရင်လည်းနားလည်ပေးနိုင်မယ်လို့မျောလင့်ပါတယ်ခင်ဗျာ။ ဒီနေ့ကိုတော့ ထိုင်းလိုတော့ ဝမ်လော(ရ်)ရီးကရားထုံးလို့ဆိုပြီးခေါ်ပါတယ် (วันลอยกระทง)။ အားလုံးပဲ အဆင်ပြေပျော်ရွှင်နိုင်ကျပါစေခင်ဗျာ။

တန်ဆောင်မုန်းလပြည့်

Posted by ကိုတိုး | Posted in | Posted on 9:31 AM

3

လှူကထိန်သင်္ကန်းနှင့်၊
မဂ်လမ်းတဲ့ ဆုပန်ရွယ်
သည်ချိန်ကို ရွှေမုံကြဲလို့
ခဝဲရွှေကြာရင်းမှာ၊ သင်းရနံကြွယ်
ကောင်းကင်လယ်
ထက်ဝယ်ဘုံဦး
ရွှေစန္ဒာနှင့်
ကြတ္တိကာ ကြယ်ရောင်စွန်းတယ်
ထွန်းထိန်လို့မြူး။
ဖိုးသူတော်ဦးမင်း ရေးထားတဲ့ကဗျာလေးကိုတင်ပေးလိုက်တာပါခင်ဗျာ။ အမှတ်တရနေ့ရက်လေးတွေပါပဲ မြန်မာနိုင်ငံမှာဆိုရင်တော့ တော်တော်လေးပျော်စရာကောင်းမယ်နော် လွမ်းစရာကောင်းလိုက်တာနော်။
ဝါလကျွတ်ပြောင်း၊
ကြာကနှောင်းသော်
ဒေါင်းငှက်ကတွန်၊ ဆောင်းလက်မွန်၌
စွန်ကလည်းဝဲ၊ တွန့်ကြေဆဲတွင်
ဝမ်းဘဲကကွေ၊ ချမ်းမြဲထွေ၍
လေကလည်းပြောက်၊ ချေကဟောက်နှင့်
ကြယ်ပေါင်းစုံသည့်ည။
လပြည့်ဝန်း ရွှန်းရွှန်းသာသည့်ည။
ဆေးပေါင်းခသည့်ည။
ဒီကဗျာကိုကတော့ google ကနေရှာကူးထားတာပါခင်ဗျာ။ အခုတင်ပေးလိုက်တဲ့ပုံတွေကိုကတော့ သူငယ်ချင်းတစ်ယောက်ကမေးလ်ထဲကိုပို့ထားလို့ မေးလ်ထဲကနေတစ်ဆင့်ပြန်တင်ပေးလိုက်တာပါခင်ဗျာ။ အားလုံးပဲတန်ဆောင်မုန်းလပြည့် ဆေးပေါင်းခတဲ့ညမှာ အားလုံးပဲပျော်ရွှင်စိတ်ချမ်းသာစွာနဲ့နေနိုင်ကျပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ။

နားလည်ပေးပါ

Posted by ကိုတိုး | Posted in | Posted on 3:25 PM

3

ကိုယ်ပြောတာကို နားထောင်ပြီး
ကိုယ့်ကို နားလေည်ပေးပါဦးကွယ်။
မင်းက သဘောမကျဘူးဆိုရင်တောင်
ကျေးဇူးပြုပြီး ကိုယ့်ကိုအမှားပြုမိအောင်
မလုပ်လိုက်ပါနဲ့။
ကိုယ့်ရင်ထဲမှာ
ကြီးကျယ်မြင့်မြတ်မှုတွေ ရှိနေတယ်ဆိုတာ
အသိအမှတ်ပြုပေးပါလား။
ကိုယ့်ရဲ့ ချစ်ခင်နှစ်သက်စရာ
ရည်ရွှယ်ချက်ကောင်းလေးတွေကို
စူးစမ်းရှာဖွေဖို့ သတိရပေးပါဦး။
စာနာထောက်ထားမှုနဲ့ ကိုယ့်ကို
အမှန်တရားတွေကိုပဲ
ပြောပြပေးပါဦးလားကွယ်။

စကားမဆိုဘဲ ကိုယ်တမ်းတတယ်

Posted by ကိုတိုး | Posted in | Posted on 10:03 AM

1

ကိုယ့်ရဲ့
ငြိမ်သက်တိတ်ဆိတ်တဲ့ အတွေးရိပ်အောက်မှာ
တစ်ယောက်တည်းထိုင်ပြီး
မင်းနာမည်ကို တသသလွမ်းနေမိတယ်။
ရည်ရွယ်ချက်မရှိဘဲ
နှုတ်ကမမြွတ်ဆိုဘဲ
မင်းကို တရော်ရော် ခေါ်နေမိမှာပါပဲကွယ်။
ဘာနဲ့တူသလည်းဆိုရင် လေ.....
“မေမေ”လို့တီတီတာတာခေါ်တတ်စ
ကလေးငယ်လေးဟာ ဝမ်းသာပီတိတွေဖြာဝေပြီး
“မေမေ........မေမေ အို မေမေ”ရယ်လို့
အကြိမ်တစ်ရာအထိ ခေါ်ကြည့်နေသလိုပဲပေါ့
အချစ်ရယ်။

ဟန်ဆောင်ကောင်းကင်

Posted by ကိုတိုး | Posted in | Posted on 9:41 AM

0

ထွန်းလင်းနေတဲ့ လမင်းကို
တကယ်ကောချစ်ရဲ့လား
ဟန်ဆောင်ခြင်းဆိုရင်
လမင်းကရော လင်းလက်ဦးမှာလား
ဖုံးကွယ်ထားလိုက်ပါ
ကောင်းကင် မင်းရင်ထဲမှာလည်း
ငါ့ချစ်ခြင်းတွေ လင်းလက်နိုင်ပါ့မလား
ဟန်ဆောင်ခြင်းတွေနဲ့
နှစ်သိမ့်ပေးနေတယ်ဆိုရင်လည်း
မင်းရဲ့ဥပက္ခာပြုမှုတွေကိုပဲ
ကျေနပ်စွာခံယူလိုက်ပါ့မယ်
အဲဒါ
ကမ္ဘာပျက်မှာထက်
မင်းရဲ အမုန်းတွေကို
ငါပိုကြောက်နေလို့ ချစ်သူ....။
မှတ်ချက်။ အရင်ရေးပြီးသားကဗျာလေးကိုပြန်လည်တင်ပြခြင်းဖြစ်ပါသည် အားလုံးပဲပျော်ရွှင်အဆင်ပြေနိုင်ကျပါစေခင်ဗျာ။ဘယ်သူ့ကိုမှရည်ရွယ်ပြီးရေးထားခြင်းမဟုတ်ပါဘူးခင်ဗျာ ကျွန်တော့်စိတ်ကူးထဲမှာရှိတာလေးကိုအရင်ထဲကရေးထားလို့တင်ပေးတာပါခင်ဗျာ။

*သူငယ်ချင်းရော ........မင်းအလှည့် ကျရင် ဘယ်လို လုပ်မလဲ........ * *

Posted by ကိုတိုး | Posted in | Posted on 9:36 PM

3

မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။ သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ "ငါတို့ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်ကျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့ အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို ဆက်မမြင်ချင်တော့ဘူး။" လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို ပြောလိုက်တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ စားပွဲသေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။ အဘိုးအိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ် သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့ သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။ ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့ အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့ အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။ သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့ မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။ ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင် မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့ လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု စားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့ စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလား ဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေ စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန် ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။ လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင် စဉ်းစားကြည့်စေချင်တယ်။ မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက တွန်းအားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ မရှိပါဘူး။ လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။ "သား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ" မေးလ်ကရထားတာလေးကိုပြန်ပြီးတော့တင်ပေးလိုက်တာပါကိုယ့်အလည့်ကျရင်လည်းအဲ့လိုလုပ်ရင်ဘယ်လိုခံစားချက်မျိုးတွေ ခံစားရမလည်းမသိဘူးနော်။ အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။

အချစ်ကဗျာ

Posted by ကိုတိုး | Posted in | Posted on 2:03 PM

0

အချစ်ကဗျာ
ကဗျာကောင်းတစ်ပုဒ်တစ်လေတော့ ဖတ်ဘူးမှာပေါ့
ကဗျာရဲ့အဆုံးမှာ ဖြစ်ပေါ်လာတဲ့ခံစားမှူ
ကြည်နှူးမှူ၊ လွမ်းဆွတ်မှူ၊ ချိုမြိန်မှူတွေ
စားသုံးဖူးကြပါလိမ့်မယ်
အချစ်ဆိုတာလဲ ကဗျာတစ်ပုဒ်ပါပဲတဲ့ပြောလေရဲ့
ဟုတ်မဟုတ်ဆန်းစစ်ကြည့်ကြစမ်းပါ
အချစ်နဲ့တွေ့တဲ့ နောက်ဖြစ်ပေါ်လာတဲ့ခံစားမှူ
ကြည်နှူးမှူ၊ လွမ်းဆွတ်မှူ၊ ချိုမြိန်မှူတွေ
စားသုံးဘူးလား?
ငါ့ကိုယ်ငါပြန်မေးကြည့်တော့အဖြေက
'' ငါလဲအချစ်တွေကိုစားသုံးပြီး
ဒီကဗျာကိုရေးစပ်နေပါသတဲ့''
(အချစ်ဆိုတာလှပတဲ့ကဗျာ တစ်ပုဒ်ပါပဲဆိုတဲ့ စာသားလေးကိုဖတ်ပြီး ရေးဖြစ်ခဲ့တာပါ)

သံယောဇဉ် အရှိဆုံးဆိုတာက

Posted by ကိုတိုး | Posted in | Posted on 7:43 PM

2

အလင်းဖြန့်သူပေမယ့်
ပူလိုက်တာလေ
'နေ'တဲ့။
အေးတော့ အေးပါရဲ့..
ကိုယ်ပိုင်အလင်းနဲ့ မဟုတ်
ဆုတ်တခါ ဆန်းတခါ
သာတလှည့် မသာတလှည့်
မာယာနဲ့ ဟန်ပြ
'လ'တဲ့။
ကမ္ဘာက ကုန်းချော
ပြောရင် မောရုံ
စကြာဝဠာရဲ့ ပတ်လမ်းတွေထဲ
သမုဒယဆွဲအားတွေနဲ့ လွင့်မျော
သံယောဇဉ်အရှိဆုံးဆိုတာက ချစ်သူတွေပါကွယ်။
မောင်စိန်ဝင်း (ပုတီးကုန်း) ........................ရဲ့ကဗျာလေးတစ်ပိုဒ်ဖြစ်ပါတယ်။ ကြိုက်လို့တင်လိုက်တာပါ။